အာဏာသိမ်း စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံထားရတဲ့ Beauty Blogger ဝင်းမင်းသန်းကို ဒီကနေ့၊ ဧပြီလ ၇ ရက်နေ့ မနက်ပိုင်းက တောင်ကြီးမြို့မှာ ရုံးထုတ်ခဲ့တယ်လို့ နီးစပ်ရာ အသိုင်းအဝိုင်းမှ သိရပါတယ်။
“မဝင်းမင်းသန်းကို တောင်ကြီး တရားရုံးမှာ ရုံးထုတ်ပြီးပါပြီ။ ရန်ကုန် ပို့မှာပါတဲ့။ ရိုက်နှက်ထားတာ မရှိပါဘူး။ ရဲမေ ၂ ယောက်နဲ့ လာတာပါ။ လက်ထိပ် ခတ်ထားပါတယ်။ ၁၀ နာရီခွဲလောက်က ပြောလာတာပါ။ မိသားစုဝင်တွေလည်း ရန်ကုန် ပြန်သွားကြပါပြီ”လို့ ဝင်းမင်းသန်းနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။
ဝင်းမင်းသန်းက ရုံးထုတ်စဉ်မှာ ထဘီ ဝတ်ဆင်ကာ၊ ပဝါဖြူကို ခြုံထားပြီး ရုံးထုတ်က အထွက်မှာတော့ လက် ၃ ချောင်း ထောင်ပြသွားသေးကြောင်း သိရပါတယ်။
ဒီလို ဖမ်းဆီးခံရခြင်းအတွက် ဝင်းမင်းသန်းနဲ့ မိတ်ဆွေများ၊ သူ့ရဲ့ပရိသတ်များနဲ့ နီးစပ်ရာ အသိုင်းအဝိုင်းမှ အခုလို ဖမ်းဆီးခြင်းကို ရှုတ်ချကြောင်းနဲ့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့အတွက် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ Speak Out လုပ်ထားကြပါတယ်။
“မဝင်းမင်းသန်းသည် မြန်မာ အမျိုးသမီးထုရဲ့ရာခိုင်နှုန်း အများအပြားကို ကောင်းမွန်တဲ့ လမ်းကြောင်းဆီ ရောက်အောင် စိတ်ပိုင်းဆိုင်ရာ၊ အလှအပပိုင်းဆိုင်ရာနဲ့ အကျိုးပြု Impact လုပ်နေသူ တယောက် ဖြစ်ပါတယ်။ မဝင်းမင်းသန်းကို ဖမ်းဆီးထိန်းချုပ်ခြင်းသည် အဆိုပါ လုပ်ရပ်များကို ပျက်ပြားအောင် ဖန်တီးခြင်းနှင့် တူညီသည်”
“တနည်းအားဖြင့် နိုင်ငံ၏ လူသားအရင်းအမြစ် (Human Resource ) ကို ယိုယွင်းအောင် လုပ်ခြင်းနှင့်လည်း တူညီပါသည်။ ထိုသို့ ဖမ်းဆီးထိန်းချုပ်ခြင်းကို ပြင်းပြင်းထန်ထန် ရှုတ်ချပါသည်။ သို့ဖြစ်ပါသောကြောင့် မဝင်းမင်းသန်းအား အမြန်ဆုံး လွှတ်ပေးပါရန် တောင်းဆိုပါသည်”လို့ ဝင်းမင်းသန်းအား အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုထားကြပါတယ်။
စစ်ကောင်စီရဲ့ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခြင်း ခံထားရတဲ့ Beauty Blogger ဝင်းမင်းသန်းဟာ ဧပြီ ၆ ရက်နေ့၊ ည ၈ နာရီအချိန်က တောင်ကြီးမြို့က BH ဟိုတယ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ “Glow Nation” လို့ ချစ်စနိုး ခေါ်ကြတဲ့ ဝင်းမင်းသန်းဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အားတက်သရော ပါဝင်ခဲ့တဲ့ Social Influencer တဦး ဖြစ်ပါတယ်။
You may also like these stories:
Beauty Blogger ဝင်းမင်းသန်းကို ဖမ်းဆီးရမိခဲ့တဲ့ BH ဟိုတယ်ရဲ့ ထုတ်ပြန်ချက်