The Wayback Machine - https://web.archive.org/web/20210218051057/http://thevoicemyanmar.com/index.php/latest-news/45746-mii

News

POST TYPE

LATEST NEWS POST

ကိုမင်းကိုနိုင်အပါအဝင် နာမည်ကြီး လူပုဂ္ဂိလ် (၇)ဦးကို ဖမ်းဝရမ်းထုတ်
13-Feb-2021


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အပါအဝင် နာမည်ကြီး လူပုဂ္ဂိုလ် (၇)ဦးကို ဖမ်းဝရမ်းထုတ်ထားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

မင်းကိုနိုင်(ခ)ပေါ်ဦးထွန်း၊ ကျော်မင်းယု(ခ)ဂျင်မီ၊ ထွေးလင်းကို (ခ)လင်းလင်း၊ အင်းစိန်အောင်စိုး၊ မျိုးရန်နောင်သိမ်း၊ အိမ့်ပိုးဥ(ခ)အိပန်ဆယ်လိုနှင့် မောင်မောင်အေးတို့သည် ၎င်းတို့အား လူသိများသည့် အခွင့်အရေးကို အသုံးချပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေရန်အကြောင်းရှိသည့် ရေးသားချက်များ၊ ပြောဆိုချက်များ ကို Social မီဒီယာများ၊ လူမှုကွန်ယက်များကို အသုံးပြုလုပ်ဆောင်သည်ကို တွေ့ရှိရကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်အနေဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်အာဏာသိမ်းယူခဲ့ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်၏ ယန္တရား ပုံမှန်လည်ပတ်ဆောင်ရွက်နိုင်စေရန် ဆောင်ရွက် လျက်ရှိသည်ဟုဆိုသည်။

ယင်းပုံမှန်လည်ပတ်နိုင်ရန်ဆောင်ရွက်နေသော်လည်း ကိုမင်းကိုနိုင်(ခ)ပေါ်ဦးထွန်း၊ ကိုမျိုးရန်နောင်သိမ်းတို့သည် လူမှုကွန်ယက်ပေါ်မှတဆင့် နိုင်ငံဝန်ထမ်းများရုံးမတက်ပဲ အလုပ်မထွက်၊ ရုံးမတက် (Civil Disbobedience Movement) လှုပ်ရှားမှုတွင် ပါဝင်ကြ ရန်တိုက်တွန်းပြောကြားချက်များရှိခဲ့သည်။
ယင်းပြောကြားချက်များကြောင့် တပ်မတော်အနေဖြင့် သက်ဆိုင်ရာတရားရုံးများတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲထားပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာတရားရုံးများကလည်း ရာဇဝတ်ကျင့်ထုံးဥပဒေနှင့်အညီ လူဖမ်းဝရမ်းများ ထုတ်ဆင့်ပြီးဖြစ်ကြောင်း၊ ၎င်းတို့ကိုလက်ခံထားပါက လက်ခံထားသူများကိုပါ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်ဟု ဆိုသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသဖြင့် အထက်ပါ လူဖမ်းဝရမ်း ထုတ်ဆင့်ထားသူများနှင့် ပတ်သက်၍ တွေ့ရှိလျင်ဖြစ်စေ၊ သတင်းရရှိလျင်ဖြစ်စေ အနီးဆုံးရဲစခန်းများနှင့် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် တိုင်ကြားနိုင်ရန် ထုတ်ပြန်ထားသည့် တယ်လီဖုန်းနံပါတ်များသို့ သတင်းပေးတိုင်တန်းနိုင်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

S -08