Entertainment

“သေနတ် ပစ်ခံရတဲ့ မိန်းကလေးကို သားသမီးချင်း ကိုယ်ချင်းစာတယ်”လို့ သန္တာလှိုင် ဆို

Want create site? Find Free WordPress Themes and plugins.

ဖေဖော်ဝါရီ ၉ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က ရာဘာကျည်၊ ကျည်အစစ်များဖြင့် ပစ်ခတ်ခဲ့တာကြောင့် သေနတ် ထိမှန်ခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်ကို သားသမီးချင်း ကိုယ်ချင်းစာတယ်လို့ မော်ဒယ် သန္တာလှိုင်က ပြောပါတယ်။

“နေပြည်တော်မှာ ဦးခေါင်းကို သေနတ်နဲ့ အပစ်ခံရပြီး ပုံခနဲ လဲကျသွားတဲ့ ကွန်ပျူတာ တက္ကသိုလ်က အသက် ၁၉ နှစ်အရွယ် ညီမလေး မြသွဲ့သွဲ့ခိုင်ဆိုရင် ကျမ သမီးထက် ၂ နှစ်ပဲ ကြီးပါတယ်။ ငါ့သမီးလေးသာဆိုတဲ့ အတွေးက ရင်ထဲက ထုတ်မရပါဘူး” လို့ သန္တာလှိုင်က ပြောပါတယ်။

အခုလို ဆန္ဒပြမှုအပေါ် ပစ်ခတ်ခဲ့တဲ့ ရဲကိုလည်း သန္တာလှိုင်က မေးခွန်းထုတ်ခဲ့ပါတယ်။

“ရဲတို့၊ စစ်သားတို့ဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့လား။အာဏာရှင်အမိန့်ကို နာခံပြီး အပြစ်မဲ့၊ လက်နက်မဲ့ အေးချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူလူထုကို လက်ယားပြေ ပစ်ဖို့ ယူနီဖောင်း ဝတ်ထားတာလား။ မေးစရာ မေးခွန်းတွေ ဖြစ်လာပြီ။ ပစ်လိုက်တဲ့ရဲက နေပြည်တော်မှာ အဓိက စီးပွားရေးလုပ်တဲ့သူတယောက်မို့ ဝယ်ယူအားပေးတဲ့ လူထုရဲ့ ပိုက်ဆံနဲ့ ရှင်သန်နေရတာ မဟုတ်ဘူးလား”

“စဉ်းစားကြည့်ပါ။ အာဏာကို မက်ကြရခြင်း အကြောင်းရင်းကလည်း အစိုးရလခနဲ့ မလုံလောက်လို့ မက်စရာကောင်းတဲ့ စီးပွားလုပ်ဖို့ အခွင့်အရေးတွေကြောင့် ဆိုရင်တောင် အဲ့ဒီ စီးပွားရေးတွေကရော လူထုဆီက ပံပိုးမှု၊ အားပေးမှုကြောင့်ပဲ အသက်ဆက်နေကြရတာ မဟုတ်ဘူးလား။ သေချာပြန်စဉ်းစားပါ”လို့ သန္တာလှိုင်က ပြောပါတယ်။

အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ပါဝင်တဲ့ သန္တာလှိုင် (ဓာတ်ပုံ – Thandar Hlaing’s Facebook)

အာဏာရှင်စနစ် အောင်မြင်မယ်လို့ ဘယ်လောက် ယုံကြည်နေပါစေ၊ သန်း ၆၀ သော ပြည်သူလူထုအနေနဲ့ သွေးစွန်းနေတဲ့ ယူနီဖောင်းတွေရဲ့ လုပ်ရပ်ကို တသက်စာ မေ့မှာ မဟုတ်သလို ခွင့်လွှတ်မှာလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။

“အာဏာရှင်က ဘယ်လောက် အမိန့်ပဲပေးပေး သေနတ်က ကိုယ့်ရဲ့လက်ထဲမှာပါ။ ကိုယ်ရဲ့ ဦးနှောက် စဉ်းစားဉာဏ်နဲ့ ဆုံးဖြတ်ချက်ခွင့်ကလည်း ကိုယ့်ဆီမှာပဲ ရှိပါတယ်။ အာဏာရှင်စနစ် အောင်မြင်မယ်လို့ ဘယ်လောက်ပဲ ယုံကြည်ယုံကြည် လူဦးရေသန်း ၆၀ သော ပြည်သူလုထုကတော့ ဘယ်သူပဲ အုပ်ချုပ်အုပ်ချုပ်၊ သွေးစွန်းနေတဲ့ ယူနီဖောင်းတွေရဲ့ လုပ်ရပ်တွေကို တသက်စာ မေ့မှာ မဟုတ်သလို ခွင့်လွှတ်မှာလည်း မဟုတ်ပါဘူး။ သေချာ ပြန်စဉ်းစားပါ။ ငခုံးမ တကောင်ကြောင့် တလှေလုံးပုပ် ဆိုတာ ကြားဖူးကြမှာပါ” လို့ ပြောပါတယ်။

ဆက်လက်ပြီး “သေနတ်ကိုင်တဲ့ လက်ထဲမှာ အာဏာက ရှိနေတာဆိုရင် ပြန်စဉ်းစားပါ။ သေနတ်တွေကို တကယ် ကိုင်ထားတာက ဘယ်သူ့လက်တွေလဲ။ သေနတ်တွေကို ကိုင်ထားတဲ့ မိမိတို့လို ဓားစားခံတွေက ဘယ်လောက်ရှိပြီး၊ အနောက်ကနေ အမိန့်ပေးတာက ဘယ်နှစ်ယောက်လဲ။ အပြစ်မဲ့ ပြည်သူတွေကို ပစ်ခတ် သတ်လို့ တကယ် ရွံရှာမုန်းတီးခံရတာက ဘယ်သူတွေလဲ။ တသက်လုံး လမ်းမှာ တွေ့သမျှ လူရဲ့ ရွံရှာတဲ့ မျက်လုံးနဲ့ အကြည့်ခံပြီး နေရမှာက ဘယ်သူလဲ။ သေချာပြန်စဉ်းစားပါ”လို့ ဆိုပါတယ်။

ပြည်သူလူထုနဲ့ ရှောင်လွှဲမရ ဆက်ဆံနေရမယ့် ဝန်ထမ်းတွေအနေနဲ့ အပြစ်မဲ့ မိသားစုတွေရဲ့ အနာဂတ်ကို ထောက်ထားဖို့အတွက် အချိန်မီသေးပြီး မြသွဲ့သွဲ့ခိုင်ရဲ့ မိဘတွေနဲ့ ထပ်တူထပ်မျှ ခံစားနေရတယ်လို့လည်း ပြောပါတယ်။

“ဒါကြောင့် ပြည်သူလုထုနဲ့ ရှောင်လွဲမရ ဆက်ဆံနေရမယ့် မိမိရဲ့ အပြစ်မဲ့ မိသားစု၊ သားသမီးတွေရဲ့ အနာဂတ်ကို ထောက်ထားပြီး သွေးစွန်းတဲ့ ယူနီဖောင်းတွေကိုပြန်လည် လျှော်ဖွတ်ဖို့ထက် ယူနီဖောင်းတွေကို သွေးမစွန်းစေဖို့ အခွင့်အရေးက မိမိတို့ရဲ့ လက်ထဲမှာပဲ ရှိပါတယ်။ အချိန် မီပါသေးတယ်။ ပြည်သူတွေက လက်လှမ်းကြိုဆိုဖို့ အဆင်သင့်ပါ။ ညီမလေး မြသွဲ့သွဲ့ခိုင်ရဲ့ မိဘတွေနဲ့ ထပ်တူထပ်မျှ တနိုင်ငံလုံး ခံစားနေရပါတယ်ဆိုတာ ကျမ ဒီကနေ ပြောပါရစေနော်” လို့ သန္တာလှိုင်က ပြောပါတယ်။

ဒီအကြောင်းအရာတွေကိုတော့ မော်ဒယ် သန္တာလှိုင်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် ပြောပြခဲ့တာဖြစ်ပြီး၊ သန္တာလှိုင်ဟာ လက်ရှိ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲများမှာ တတပ်တအား ပါဝင်နေတာ တွေ့ရပါတယ်။

You may also like these stories:

“အာဏာရှင်စနစ်က ကျနော်တို့ခေတ်မှာ နောက်ဆုံး ဖြစ်ပါစေ”

“ပြည်သူတွေကို လက်နက်နဲ့ ပစ်တာ လူမဆန်တဲ့ လုပ်ရပ်”လို့ ပိုးလေး ပြော

Civil Disobedience Movement ကို အားပေးခဲ့ကြတဲ့ အနုပညာရှင်များ

Did you find apk for android? You can find new Free Android Games and apps.
Loading