The Wayback Machine - https://web.archive.org/web/20210611101244/https://www.rfa.org/burmese/news/arrested-actor-yetike-04052021052838.html

ဆန္ဒပြပွဲတွေမှာပါဝင်နေတဲ့ သရုပ်ဆောင် ရဲတိုက်ကို စစ်ကောင်စီ ဖမ်းဆီး

2021-04-05
Share
ဆန္ဒပြပွဲတွေမှာပါဝင်နေတဲ့ သရုပ်ဆောင် ရဲတိုက်ကို စစ်ကောင်စီ ဖမ်းဆီး သရုပ်ဆောင် ရဲတိုက် ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးပွဲတစ်ခုမှာ တွေ့ရစဉ်
Photo: Ye Deight - facebook

စစ်အာဏာဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်တာကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ရဲတိုက်ကို စစ်ကောင်စီက ဖမ်းလိုက်ပါတယ်။

ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံမှာ ဧပြီလ ၃ ရက်နေ့ညပိုင်းက ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရချိန်မှာ စိတ်ကြွရူးသွပ်ဆေးပြားတွေလည်း လက်ဝယ်တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ရဲတိုက်ရဲ့ ပရိသတ်တချို့ကတော့ စိတ်ကြွရူးသွပ်ဆေးပြားတွေ တွေ့ရှိခဲ့တယ်ဆိုတဲ့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်ကို အယုံအကြည်မရှိကြောင်း အင်တာနက် စာမျက်နှာမှာ ရေးသားနေတာလည်း တွေ့ရပါတယ်။

သရုပ်ဆောင် ရဲတိုက်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေဆန္ဒပြပွဲတွေမှာ ကိုယ်တိုင်ပါဝင်ဆန္ဒပြနေသူ ဖြစ်ပါတယ်။

သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေမှာလည်း ကူညီခဲ့ဖူးသူဖြစ်ပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေး နည်းလမ်းပေါင်းစုံနဲ့ တိုက်ပွဲဝင်နေကြတဲ့ အနုပညာရှင်တွေ အပါအဝင် အင်တာနက် လူမှုကွန်ရက်မှာ ထင်ရှားလူသိများသူ အယောက် ၈၀ ကျော်ကို အာဏာသိမ်းစစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅ဝ၅ (က)နဲ့ အမှုဖွင့်ခံထားရပါတယ်။

အဲဒီထဲက သရုပ်ဆောင် လူမင်းနဲ့ ရဲတိုက်တို့ နှစ်ဦး ဖမ်းဆီးခံထားရပါတယ်။

နာမည်ကျော်ကြား လူသိများတဲ့ သရုပ်ဆောင် အနုပညာရှင်တွေကို စစ်တပ်က တရားစွဲဆိုထားတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့