ဖေဖော်ဝါရီ ၉ ရက်က နေပြည်တော်တွင် ဆန္ဒဖော်ထုတ်နေသော အသက် ၁၉ နှစ်အရွယ်မမြသွဲ့သွဲ့ခိုင် ပစ်ခတ်ခံရမှုသည် မည့်သည့် ရာဇဝတ်မှုကိုကျူးလွန်သောကြောင့် အပစ်ခံရခြင်း ဖြစ်သနည်း ဟု ကုလသမဂ္ဂ၏မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် သောမတ်စ်အင်ဒရူးကပြောကြားသည်။
“ဘာရာဇဝတ်မှုကြောင့်လဲ။ မတရားတဲ့ စစ်တပ် အာဏာသိမ်းမှုကိုဆန့်ကျင်လို့လား” ဟု ၎င်းက သူ၏ တွစ်တာစာမျက်နှာ ကတဆင့် ဖေဖော်ဝါရီလ ၁၀ရက်တွင် ရေးသားသည်။
မမြသွဲ့သွဲ့ခိုင်သည် နေပြည်တော်တွင် ပြုလုပ်သည့် စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြပွဲတွင် ပါဝင် ဆန္ဒထုတ်ဖော်နေ စဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ဦးခေါင်းသေနတ်ဒဏ်ရာထိမှန်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အသက်အန္တရာယ် မှာလည်း စိုးရိမ်ဖွယ်ရာအခြေအနေ ဖြစ်နေသည်။
သောမတ်စ်အင်ဒရူးက ယခုကဲ့သို့ ပစ်ခတ်သော်လည်း ပြတ်သားသည့် လူထု၏မျှော်လင့်ချက်နှင့် ရည်ရွယ်ချက်သည် ဆက်လက် တည်မြဲနေမည်ဖြစ်ပြီးတကမာ္ဘလုံးက မြန်မာ့ဆန္ဒပြသူများနှင့် အတူရှိနေမည်ဖြစ်ကြောင်းပြောကြားထားသည်။
မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများကလည်းလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများကို အင်အားသုံး နှိမ်နင်းလိုက်သည့် အပေါ် အထူးစိုရိမ်ပူပန်မိကြောင်း ဖေဖော်ဝါရီလ ၉ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့်လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Ola Almgren က လည်းငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် လွတ်လပ်စွာ ဖော်ထုတ်ခွင့်များ အပါအဝင်အခြေခံ လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးကို လေးစားရန် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်တွန်းထားသည်။ ထို့ပြင် ဆန္ဒပြသူများအား မမျှတသောအင်အား အသုံးပြု ခြင်းကို လက်မခံဟုလည်း ၎င်းက ပြောဆိုထားသည်။
ထိုကဲ့သို့ နိုင်ငံတကာလူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာတာဝန်ရှိသူများက လူ့အခွင့်အရေးကို လေးစားရန် တိုက်တွန်းနေစဉ်မှာပင်အချို့သော ကမာ္ဘ့နိုင်ငံခေါင်းဆောင်များက အာဏာသိမ်းစစ်တပ်ကိုစီးပွားရေးပိတ်ဆို့ အရေး ယူရန် ပြင်ဆင်နေကြသည်။
ဥရောပသမဂ္ဂ EU ထိပ်တန်း သံတမန် Josep Borrell က EU အနေဖြင့်တပ်မတော်ခေါင်းဆောင် တဦးတယောက်ခြင်းနှင့် တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများအပေါ် ပစ်မှတ်ထားသည့် နောက်ထပ် အရေးယူ ပိတ်ဆို့မှုများချမှတ်နိုင်ကြောင်း ဖေဖော်ဝါရီ ၉ ရက်တွင် ပြောကြားလိုက်သည်။
EU နိုင်ငံခြားရေး မူဝါဒ အကြီးအကဲလည်းဖြစ်သူ Josep Borrellမြန်မာစစ်တပ်အပေါ် မည်သည့်အရေးယူ ပိတ်ဆို့ဒဏ်ခတ်မှုမဆိုချမှတ်နိုင်သော်လည်း ဒဏ်ခတ်ပိတ်ဆို့မှုများသည် ပြည်သူလူထုအပေါ်တွင်ထိခိုက်မှု မရှိစေသင့်ကြောင်း ဥရောပ ပါလီမန်တွင်ပြောကြားခဲ့ခြင်းဖြစ်သည်။
နယူးဇီလန်၊ ဩစတြးလျ စသည့် နိုင်ငံတို့ကလည်း ဆန္ဒပြသူများအားအကြမ်းဖက်ဖြိုခွင်းခဲ့မှုတွင် တာဝန်ရှိသည့် အာဏာသိမ်း တပ်မတော်နှင့်အဆင့်မြင့်နိုင်ငံရေး၊ စစ်ရေး အဆက်အသွယ်များ ဖြတ်တောက်တော့မည် ဟု အသီးသီးကြေညာထားသည်။
နယူးဇီလန် ဝန်ကြီးချုပ် Jacinda Ardern က မြန်မာအဆင့်မြင့်အာဏာပိုင်များနှင့် နယူးဇီလန်အစိုးရတို့ကြား ဆက်ဆံရေးကို ဖေဖော်ဝါရီ ၉ရက်မှစ၍ ဆိုင်းငံ့လိုက်ကြောင်း ကြေညာလိုက်ပြီး မြန်မာစစ်ခေါင်းဆောင်များ၏နယူးဇီလန်သို့ ပြည်ဝင်ခွင့်ကိုလည်း ကန့်သတ်လိုက်ပြီ ဖြစ်ကြောင်းပြောကြားသည်။
သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Marise Payne ကမူမြန်မာနိုင်ငံနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများအား ဆိုင်းငံ့ထားရန်ပြန်လည်သုံးသပ်မှုများ ဆောင်ရွက်နေကြောင်း ပြောဆိုသည်။
You may also like these stories:
အကြမ်းဖက်ဖြိုခွင်းသူများ လူသားမျိုးနွယ်စုကို ချိုးဖောက်သည့် ပြစ်မှုဖြင့် အရေးယူနိုင်ဟု UN ပြော
တပ်မတော် အာဏာသိမ်းမှု အပေါ် နယူးဇီလန်နဲ့ သြစတြေးလျ ပြောပြီ