COVID -19 ရောဂါပိုး တွေ့ရှိထားသူ မင်္ဂလာတောင်ညွန့်မြို့နယ်မှ နှာခေါင်းကင်ဆာရောဂါသည် လူနာအမှတ် ၅ သေဆုံး

COVID -19 ရောဂါပိုး တွေ့ရှိထားသူ မင်္ဂလာတောင်ညွန့်မြို့နယ်မှ နှာခေါင်းကင်ဆာရောဂါသည် လူနာအမှတ် ၅ သေဆုံး
Published 31 March 2020

COVID -19 ရောဂါပိုး တွေ့ရှိထားသူ မင်္ဂလာတောင်ညွန့်မြို့နယ်မှ နှာခေါင်းကင်ဆာရောဂါသည် လူနာအမှတ် ၅ သည် ယနေ့ (မတ် ၃၁ ရက်) နံနက် ၇ နာရီ ၄၀ မိနစ်တွင် ဝေဘာဂီဆေးရုံ၌ ကွယ်လွန်ခဲ့ကြောင်း မင်္ဂလာတောင်ညွန့် တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် ၁  လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက အတည်ပြုပြောကြားသည်။

ထိုသို့ လူနာအမှတ် (၅) ကွယ်လွန်သွားခြင်းသည် ကင်ဆာရောဂါအခံကြောင့် ကွယ်လွန်ခြင်း သို့မဟုတ် COVID-19 ပိုးကြောင့် ကွယ်လွန်ခြင်းကိုမူ စစ်ဆေးနေဆဲဖြစ်ကြောင်း ဦးလှဌေးက ပြောကြားသည်။

အဆိုပါလူနာ အမှတ် ၅ သည် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်ပြီး အသက် (၆၉) နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ကာ နှာခေါင်းကင်ဆာရောဂါကို ဩစတြေးလျ နိုင်ငံတွင် တစ်လခန့် ဆေးကုသမှုခံယူခဲ့ပြီး မြန်မာနိုင်ငံသို့ အပြန်တွင် စင်္ကာပူနိုင်ငံ၌ လေးရက်ခန့် နေထိုင်ခဲ့ပြီးနောက် မတ် ၁၄ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာနထုတ်ပြန်ထားချက်အရ သိရသည်။

၎င်းသည် မတ် ၁၀ ရက်တွင် သြစတြေးလျမှ စင်ကာပူသို့ Emirate Airline SG EK -405 ဖြင့် လည်းကောင်း၊ မတ် ၁၄ ရက်တွင် စင်ကာပူမှ ရန်ကုန်သို့ Aireline 8M – 232 ဖြင့် လည်းကောင်း စီးနင်းလိုက်ပါလာခဲ့ကာ မတ် ၁၈ ရက်မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် မတ် ၂၅ ရက်တွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိ၍ အထူးကြပ်မတ်ကုသမှုပေးခဲ့ပြီးနောက် မတ် ၂၆ ရက် စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိထားသူ ဖြစ်သည်။

လက်ရှိတွင် အဆိုပါလူနာအမှတ်စဉ် (၅) နှင့် အနီးကပ်ထိတွေ့ခဲ့သည့် မင်္ဂလာတောင်ညွန့်မြို့နယ်မှ အသက် ၄၅ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးတွင်လည်း COVID-19 ရောဂါပိုး တွေ့ရှိထားသဖြင့် ဝေဘာဂီအထူးကုဆေးရုံ၌ ထားရှိကုသလျက်ရှိသည်။

 

 

Most Read

Most Recent